ကမ္ဘာ့အကြီးဆုံးကြယ်လိပ်ကြီး ပုဂံမြို့ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် လာရောက်လေ့လာနိုင်

ညောင်ဦး  မေ  ၂၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီအနီးရှိ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်ကြီးအား လာရောက် လေ့လာကြည့်ရှုနိုင်ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် တာဝန်ရှိသူများထံက သိရသည်။

ကမ္ဘာ့ရှားပါးကြယ်လိပ်များအား ၂၀၀၁ ခုနှစ်ကတရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိသည့် မြန်မာ့ကြယ်လိပ် အထီး ၄၂ ကောင်၊ အမ ၄၀ ကောင်အား ပုဂံမြို့ လောကနန္ဒာဘေးမဲ့ တောဥယျာဉ်တွင် ခြံလှောင်စနစ်ဖြင့် မွေးမြူခဲ့ကြောင်း သိရပြီး မြန်မာတစ်နိုင်ငံထဲသာရှိသည့် ရှားပါးမျိုးစိတ် ကြယ်လိပ်သားပေါက်များအား နေရင်းဒေသများသို့ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။ တရားမဝင် ကုန်သွယ်မှုမှ ဖမ်းဆီးရမိသည့် ကြယ်လိပ် ၈၄ ကောင်တွင် ပါရှိလာသော ကြယ်လိပ်မတစ်ကောင်သည် ယခုနှစ် (၂၀၂၃) ခုနှစ်တွင် ၂၂ နှစ်အကြာတွင် ကမ္ဘာပေါ်တွင် အကြီးဆုံးကြယ်လိပ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ လောကနန္ဒာဘေးမဲ့ တောဥယျာဉ်ရှိ အရွယ်ရောက်ကြယ်လိပ်များ၏ အတန်းအစား တွင် ကိုယ်ပိုင်အမှတ်(၁၄၆)ဖြစ်ကာ အသက်အားဖြင့် ၂၃နှစ်ခန့်ရှိမည်ဟု ကြယ်လိပ်များ၏ ကျောပေါ်နှစ်စဉ်ထွက်ပေါ်လာလေ့ရှိသော လိုင်းများကို ရေတွက်၍ အနီးစပ်ဆုံး သက်တမ်းအား ခန့်မှန်းထားခြင်းဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဒေါ်မိမိလေးရှင်းပြသည်။    

လောကနန္ဒာဘေးမဲ့တောဥယျာဉ်ရှိ ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်မကြီး၏ ကိုယ်ရေးအချက်အလက်ကိုလည်း ကြယ်လိပ်များ၏ မှတ်တမ်းစာအုပ်တွင် ရေးမှတ်ထားရာ လိပ်အမှတ် (၁၄၆)၊ အတန်းအစားအနေဖြင့် အရွယ်ရောက်နေပြီဖြစ်ကာ ကျောခွံအလျား  ၄၇.၈စင်တီမီ တာ၊ကျောခွံအနံ ၃၂.၇ စင်တီမီတာ ၊ရင်ခွင်အလျား ၄၀စင်တီမီတာ၊ ရင်ခွင်အနံ ၂၇ စင်တီမီတာ ၊အမြင့် ၂၅.၅စင်တီမီတာ၊ အလေးချိန် (18-kg) ၃၉.၆၉ ပေါင်၊ ၁၁.၀၁ ပေါင်ရှိပြီး၊ ထူးခြားချက် အနေဖြင့် အပျိုကြီး ကြယ်လိပ်မဖြစ်ကြောင်း သိရသည်။ကြယ်လိပ်များ၏ ပုံမှန်အနေအထားမှာ ကျောခွံအလျား ၃၀ စင်တီမီတာခန့်သာ ရှိကြရာ အရွယ်တူကြယ်လိပ်ထီးမရှိခြင်းကြောင့် မိတ် လိုက်သားပေါက်နိုင်ခြင်းမရှိဘဲ အပျိုကြီးကြယ်လိပ်မဘဝဖြင့်ပင် နေထိုင်သွားရတော့မည့် အခြေအနေတွင် ရှိနေကြောင်း သိရကာ အရွယ်တူ လိပ်ထီးရှိပါကလည်း ဝတ္ထရားရှိသည်နှင့်အညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် တာဝန်ရှိငသူများမှ ရှင်းပြသည်။ ကြယ်လိပ်များသည် ပျှမ်းမျှသက်တမ်း ၈၀ နှစ်ကျော်ထိ နေထိုင်နိုင်ကြပြီး ခြံလှောင်မွေးမြူရေးစနစ်တွင် (၅-၆)နှစ် အရွယ်ရောက်ကြကာ သဘာတောတွင် (၁၀-၁၁)နှစ်၌ အရွယ်ရောက်ကြကြောင်း သိရကာ အရွယ်ရောက်ကြယ်လိပ်များအား ကြယ်လိပ်များ၏ မူရင်းဒေသ ဖြစ်သည့် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး/စကုမြို့နယ် ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်နှင့် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် မင်းစုံတောင်တို့တွင် ပြန်လည်လွှတ်ပေးကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် တာဝန်ရှိသူများက ပြောကြား၍ သိရသည်။

ဒီပါလင်း