ဟိုပုံး မေ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
ကျောင်းများအပ်နှံရာတွင် ပညာရေးဝန်ကြီးဌာနမှ မည်သည့်ငွေကြေးမျှ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာရေးကိရိယာများ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းရောက်ရန် မိဘများမှာ အဓိကကြကြောင်း၊ နိုင်ငံတော်၏ လူစွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးမြင့်မားရေးအတွက် သင်ယူမှုအခွင့်အလမ်းပုံမှန်ရရှိစေရန် နိုင်ငံတော်က အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အမြင်ကျယ်တက်ကြွပြီး လိမ္မာရေးခြားရှိသော ကလေးများအား ထက်မြက်ကြိုးစားနိုးကြားသော ဆရာ၊ ဆရာမများက သင်ကြားပေးရင်း သဘောထားပြည့်ဝ၍ ခေတ်အမြင်ရှိသော မိဘများနှင့်အတူ ပူးပေါင်းကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း သိရသည်။ အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ(၂၃)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)