ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့်တာဝန်ရှိသူများက မြောက်ဦးမြို့ပေါ်ရှိ ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး

                                           မြောက်ဦး  မေ ၂၃                                                                   

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ ဗိုလ်ချုပ်သောင်းထိုက်ရွှေ ဦးဆောင်ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း မုန်တိုင်းကြောင့် သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျပျက်စီးမှုကို တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင် ရာသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၈ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသော ဝန်ထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ပြီးနောက် ပျက်စီးသွားသော အဆောက်အဦးများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြန်လည်ပြုပြင်နိုင်ရန်အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ပြီးနောက် ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့သည် မြောက်ဦးမြို့ နန်းတော်ရာကုန်းဘေး ဓါတ်မီးတိုင်များ ကျိုးကျပျက်စီးမှုအခြေအနေနှင့် ဓါတ်မီးတိုင်များ ပြန်လည်အသစ် တပ်ဆင်မှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြောက်ဦးမြို့နယ်အတွင်း ကျိုးကျပျက်စီးသွားသော ဓါတ်မီးတိုင်များကို အမြန်ဆုံး ပြန်လည်အသစ်တပ်ဆင်နိုင်ရေး တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ သည်။

ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ် နဒင်ကျေးရွာသို့ နံနက် ၉ နာရီအချိန်က ဆက်လက်ထွက်ခွာရာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီး သွားသော နဒင်ကျေးရွာ ၊အခြေခံပညာမူလတန်း(လွန်)ကျောင်းသို့ ရောက်ရှိရာ ကျောင်းကော်မတီဝင်များနှင့် ကျောင်း အုပ်ဆရာမကြီး ဒေါ်မြသီတာဦးတို့မှ ပျက်စီးသွားသော အဆောက်အဦးများကို တင်ပြကြရာ လိုအပ်သည်များကို မှာကြားခဲ့သည်။ ယင်းနောက် ပန်းဘဲတန်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့ ဆက်လက်ထွက်ခွာလာရာ ကျောင်းအုပ်ဆရာကြီး ဦးမောင်သောင်းရွှေမှ ပျက်စီး သွား သော အဆောက်အဦးနှင့် ပတ်သက်၍ တင်ပြရာ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူ များက အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး မှာကြားခဲ့ပြီးနောက် ဆက်လက်၍ ဘောင်းဒွတ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ ထွက်ခွာလာရာ ကျောင်းအုပ်ဆရာကြီး ဦးဇော်သန်းနိုင်မှ ပျက်စီးသွားသော အဆောက်အဦးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက ကျောင်းပြန်ဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်နိုင်ရန်နှင့် ကျောင်းဆောင်များအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန်အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ပြီးနောက် ယနေ့ နေ့လယ် ၂ နာရီအချိန်က ခရိုင်ထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး ၊အစည်း အဝေးခန်းမ၌  မြောက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတာဝန်ခံများနှင့် တွေ့ဆုံရာ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေမှ အဖွင့်အမှာစကား ပြောကြားရာ မကြာမှီအချိန်တွင် ကျောင်းဖွင့်လှစ် တော့မည်ဖြစ်၍ အလုံးစုံ ပျက်စီးသွားသော (၁၇) ကျောင်းတို့သည် မိမိတို့ရွာ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများတွင် တစ်ရက်လျှင် ၂ ချိန်ခွဲပြီး သင်ကြားကြရန်၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွား ကျောင်းများတွင်လည်း ခေါင်မိုးများ ချက်ခြင်းပြုပြင်ပြီး အမြန်ဆုံးပြီးစီးနိုင်အောင် ကျောင်းကော်မတီဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး မှူးတို့မှ ပူးပေါင်းလုပ်ဆောင်သွားကြရန်တို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ အလုံးစုံ ပျက်စီးသွားသော ကျောင်းများမှ ကျောင်းတာဝန်ခံများက တင်ပြကြရာ ထို တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)