မိုးနဲ မေ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများနှင့် လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီပျိုးပင် (၂၅၀၀) ကျော် စုဆောင်းထားရှိကာ ကော်ဖီစိုက် အကျိုးဆောင် တောင်သူများအား ယနေ့နံနက် ၈ နာရီအချိန်က ကော်ဖီပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးဇော်မော်ဦးက မိုက်ဟိုင်းကျေးရွာအုပ်စု မယ်ဇလီမြိုင်ကျေးရွာနေ ကော်ဖီစိုက်အကျိုးဆောင် တောင်သူ ဦးအောင်ဆာနှင့်အဖွဲ့ဝင်များအား ကျေးရွာအဖွဲ့ပိုင် စိုက်ခင်းနေရာ၌ စိုက်ပျိုးနိုင်ရန် ကော်ဖီပျိုးပင် ၉၀၀ ပင်ကို အခမဲ့ပေးအပ်ခဲ့ပြီး အထွက်နှုန်းနှင့် ကော်ဖီအရည်အသွေးမြင့်မားရေးအတွက် နည်းပညာပေးခြင်းနှင့် ကွင်းသရုပ်ပြပွဲများ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မော်ဦးက အရည်အသွေးကောင်း ကော်ဖီများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်ပဈေးကွက်ရှိ အရည်အသွေးကောင်းကော်ဖီ စိုက်ပျိုးဧရိယာများတိုးချဲ့ ဖြစ်ပေါ်စေရေး၊ အရိပ်ရပင်များနှင့် စိုက်ပျိုးရသည့်အတွက် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကိုထိန်းသိမ်းပေးနိုင်ခြင်း စသည့် အကျိုးများရရှိမည်ဖြစ်ကြောင်း၊ ကော်ဖီစိုက်ဧကတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆက်လက်ပျိုးထောင်စိုက်ပျိုးပြီး ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝိုးတောင်း