တုံတာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ်စတင်

တုံတာ မေ ၂၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဟူသည့် ဆောင်ပုဒ်အတိုင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းကစတင်၍ တုံတာမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံဆောင်ရွက်နေကြကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများ၌  ကျောင်းအပ်လက်ခံရာတွင် KG တန်းမှ Grade-12 မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိအပ်နှံ၍ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ မြို့‌ပေါ်ရပ်ကွက်ရှိ ကျောင်းအပ်နှံသူဦးရေ ၄၈၄ ဦးခန့်ရှိခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ခုနှစ်၊ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူဦးရေ ၅၀၀ ကျော်ထိ ခန့်မှန်းထားပါကြောင်းနှင့် ကျောင်းအပ်ကြသည့် ကျောင်းသားကျောင်းသူများကိုလည်း မည်သည့်အခကြေးငွေမျှကောက်ခံမှုမရှိပဲ ကျောင်းသားကျောင်းသူတစ်ဦးချင်းစီလျှင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်စုံလင်စွာဖြင့် အခမဲ့ထုတ်ပေးလျက်ရှိပြီး ဇွန်လ(၁)ရက်နေ့၌ ကျောင်းများစတင်ဖွင့်လှစ်ကာ ပညာသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

တုံတာမြို့‌ပေါ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ပြန်လည်ဖွင့်လှစ်ကြသည့်ကျောင်း အထက်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ မူလတန်း(လွန်)ကျောင်းရှိပြီး  စုစုပေါင်းကျောင်း(၃)ကျောင်းရှိကြောင်း သိရသည်။

အဲန်းမေရီ