ကျောက်တံတား မြို့နယ် ပညာ့အလင်းခေတ်မီ စာကြည့်တိုက်တွင် အသံထွက်၍ စာဖတ်ပြခြင်း သင်တန်း ဖွင့်လှစ်

ကျောက်တံတား   ဖေဖော်ဝါရီလ  ၂၇

 ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်း ခေတ်မီ စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းက “အာဆီယံ-ကိုရီးယား စာအတူဖတ်စို့လား” အစီအစဉ် အတွက် အသံထွက်၍ စာဖတ်ပြခြင်း သင်တန်းကို  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)မှ ဒေါ်စိုးသီတာနှင့် ဒေါ်ဧရာဘုန်းမြင့် တို့က ကလေးများအတွက် အသံထွက်၍ စာဖတ်ပြခြင်း နည်းလမ်း၊ စာအုပ်ပါ အကြောင်းအရာကို သရုပ်ဖော်ခြင်း၊ စာအုပ်ပါ အကြောင်းအရာကို ဆွေးနွေးခြင်း စသည့် နည်းစနစ်အသစ်များကို ရှင်းလင်းဆွေးနွေး ပေးခဲ့သည်။

ထို့နောက် သင်တန်းတက်ရောက်ကြသည့် ပြည်သူ့စာကြည့်တိုက်မှူး (၂၅)ဦး တို့မှ အုပ်စုအလိုက် အသံထွက်၍ စာဖတ်ပြခြင်းများကို လက်တွေ့ လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့  ကလေးများနှင့်အတူ စာဖတ်ခြင်း အစီအစဉ်သည် ကလေးများစာဖတ်သည့် အလေ့ အကျင့်ကောင်းကို ရရှိစေနိုင်သည့် အဓိက နည်းလမ်းတစ်ခု ဖြစ်သည့်အပြင်   ကလေးငယ်များ အတွက် လိုအပ်လျက်ရှိသည့် စာဖတ်စွမ်းရည်ကို မြှင့်တင်ပေးရုံသာမက စာဖတ်သည့် အလေ့အထ စွဲမြဲမှုနှင့်အတူ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်သည့် စာပေချစ်မြတ်နိုးသူများ အဖြစ် ပေါ်ထွန်းလာနိုင်မည့် အစီအစဉ်ဖြစ်ကြောင်း အမျိုးသားစာကြည့်တိုက် (ရန်ကုန်)မှ ဦးစီးအရာရှိ ဒေါ်စိုးသီတာ က ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေနန်းမေ(ပြန်/ဆက်)