မှော်ဘီမြို့နယ်တွင် အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်လှစ်

မှော်ဘီ မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများတိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံမော်တာစက်ချုပ်သင်တန်းကို အင်းတန်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းကဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မှော်ဘီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ဆွေဆွေမြင့်က အမှာစကားပြောကြားရာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိကာ မိသားစုဝင်ငွေများတိုးပွားလာစေရန်အတွက် သင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ရာ စိတ်ပါဝင်စားစွာ တက်မြောက်အောင်သင်ကြားကြရန်နှင့် သင်တန်းချိန်ကိုမပျက်ကွက်ဘဲတက်ရောက်ကြရန်တို့ကို အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူးဦးတင်စိုးကလည်း သင်တန်းဆင်းပါက အလုပ်အကိုင်များရရှိစေရေးအတွက် အထည်ချုပ်စက်ရုံများနှင့် ချိတ်ဆက်ကာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို မေလ(၂၂)ရက်နေ့မှ  ဇွန်လ(၂၀)ရက်နေ့အထိ တစ်လကြာဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းသို့ကျေးရွာနေပြည်သူ(၂၄)ဦးတို့ တက်ရောက်လျက်ရှိကြောင်းလည်း သိရသည်။

ဝင်းဇော်  မှော်ဘီ  (ပြန်/ဆက်)