ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တာမွေ         မေ       ၂၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်တို့ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ သိမ်ဖြူတင်းနစ်အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့်နည်းပြများ၊ ဖိတ်ကြားထားသော ည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြိုင်ပွဲဝင်တင်းနစ်အားကစားသမားများ ကွင်းအတွင်းနေရာယူခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်များကတော့ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ တင်းနစ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ တင်းနစ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးနဲ့ တင်းနစ်အားကစားနည်းကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားကြစေခြင်းဖြင့် တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက်ပဲ ဖြစ်ပါတယ်။ ယခု ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရတဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်ပြိုင်ပွဲလာရောက် ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်အားကစားသမားများအနေနဲ့ အားကစားစိတ်ဓါတ် အပြည့်အဝနဲ့ အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်ကြပါ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကိုလည်း လေးစားလိုက်နာကြပါ ဒီပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမယ့် နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားကောင်းများ ဖြစ်လာအောင်လည်း ကြိုးစားသွားကြပါလို့ တိုက်တွန်းမှာကြားလိုပါတယ်။ မြန်မာ့တင်းနစ်အားကစားဟာ တစ်ချိန်တစ်ခါက အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွေမှာ အဆင့်အတန်းမြင့်မြင့် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပြီး အောင်နိုင်ဆုများ ရရှိခဲ့တဲ့ အားကစားနည်းတစ်ခုဖြစ်သလို နိုင်ငံအတွင်းမှာလည်း လူကြိုက်များရေပန်းစားခဲ့တဲ့ အားကစားနည်းလည်းဖြစ်ပါတယ်၊ လက်ရှိအခြေအနေမှာတော့ မြန်မာ့တင်းနစ်လောကဟာ အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေတာ တွေ့ရှိရပါတယ်။ နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားသမားများရဲ့ ရေရှည်ဘဝအာမခံချက်ရရှိစေရေးနဲ့ အကြောင်းအမျိုးမျိုးကြောင့် အားကစားလှုပ်ရှားမှုများ မပြုလုပ်နိုင်တော့တဲ့ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများအတွက် ထောက်ပံ့ကူညီနိုင်ရေး အစီအမံများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ် ဒါ့ကြောင့် နိုင်ငံတော်မှ အားကစားကို အားပေးပံ့ပိုး ဆောင်ရွက်ပေးလျက် ရှိသလို အားကစားသမားများဘက်မှလည်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး၊ နိုင်ငံ့ဂုဏ်သိက္ခာကျစေမည့် ပြုမူဆောင်ရွက်မှုမျိုး မပြုလုပ်မိစေရန် အထူးမှာကြားလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ယနေ့ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အားကစားသမား မောင်/မယ်များဟာ မိမိတို့ရဲ့ တစ်ဦးချင်း အနေနဲ့ဖြစ်စေ၊ မိမိတို့ကိုယ်စားပြုတဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်းအောင်မြင်မှုရရှိစေရေးအတွက်ဖြစ်စေ၊ အစွမ်းကုန်ကြိုးစားပြီး အားကစားစိတ်ဓါတ် အပြည့်အဝနဲ့ ဇွဲ၊ လုံ့လတို့ဖြင့် ကြိုးစားအားထုတ်ယှဉ်ပြိုင်သွားကြပါသတ်မှတ်ထားတဲ့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကိုလည်း အားကစားသမားကောင်းများပီသစွာ လေးစားလိုက်နာကြပါ၊ ဒီပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံတော်က အားထားရမယ့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားကောင်းများ ဖြစ်လာအောင်လည်း ကြိုးစားသွားကြပါ၊ ဒိုင်လူကြီးများကလည်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြပါ၊ အားကစားသမားများကလည်း ဒိုင်လူကြီးများရဲ့ အဆုံးအဖြတ်ကို ကျေကျေနပ်နပ် လက်ခံလိုက်နာသွားကြပါလို့ တိုက်တွန်းမှာကြားလိုပါတယ် ” ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများသည် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုတင်းနစ်အသင်းနှင့် ရခိုင်ပြည်နယ် ကိုယ်စားပြုတင်းနစ်အသင်းတို့ အားပါးတရ ယှဉ်ပြိုင်နေမှုအား တစ်ခဲနက် ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် မေလ(၂၂)ရက်မှ (၂၈)ရက်နေ့အထိ ရန်ကုန်မြို့ရှိ သိမ်ဖြူတင်းနစ်အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ တင်းနစ်အားကစားသမားပေါင်း(၁၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)