ဒဂုံ မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်းရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းနှင့် ပြည်အနောက်ရပ်ကွက်၊ တော်ဝင်လမ်းရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းဖွင့်ရာသီအမီ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအားဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်(၁၀း၂၅)နာရီက စတင်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးလှိုင်မျိုးတို့ဦးဆောင်၍ စည်ပင်နှင့်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဒဂုံမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာဆရာ၊ ဆရာမများနှင့်ပူးပေါင်းကာ စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေကန်များအား အဘိတ်ဆေးခတ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးပိုစတာ၊ လက်ကမ်းစာစောင်နှင့် Mask များပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့နယ်အတွင်းရှိ ကျန်ရှိသော အခြေခံပညာကျောင်းများတွင်လည်း ကျောင်းဖွင့်ချိန်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဆွေးနွေးပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းစသည့် ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်