နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အားကစားကွင်းတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးလက်ရွေးစင်များ နေထိုင် စားသောက်မှုများအား လာရောက်ကြည့်ရှုစစ်ဆေး

လယ်ဝေး မေ ၂၃

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန် ရှိသူများ လိုက်ပါလျက် ယမန်နေ့ နေ့လယ်ပိုင်းက လယ်ဝေးမြို့နယ်အားကစားကွင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံး လက်ရွေးစင်များစခန်းသွင်းလေ့ကျင့်မှုနှင့် အာဟာရကျွေးမွေးမှုများကို သွားရောက်ကြည့်ရှု့ အားပေးစကားပြောကြားခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးလက်ရွေးစင်များအားတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးက နေပြည်တော်အဆင့် ဘောလုံးသမားများရရှိအောင် ရွေးချယ် စိစစ်ထားရှိမှု  တိုင်း/ပြည်နယ် ဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့်အစီအစဉ်၊ တိုင်း/ ပြည်နယ် ယှဉ်ပြိုင်ပွဲမှ ရွေးချယ်ခံအားကစားသမားများကို နိုင်ငံတော်အဆင့် U-18 သို့မဟုတ်  U-19 အားကစားသမားများအဖြစ် ဆက်လက်ရွေးထုတ်ပေးမည်ဖြစ်ကြောင်း၊ ယခု စခန်းသွင်း လေ့ကျင့်ရာတွင် အိပ်ဆောင်နှင့် အာဟာရကျွေးသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က နိုင်ငံတော်မှအမြော်အမြင်ကြီးမားစွာ ရည်ရွယ်ချက်ကောင်းဖြင့် ထူးချွန်သည့် အားကစားသမားလူငယ်များ မွေးထုတ်ပေးသည့်အစီအစဉ်ကို စည်းကမ်းလိုက်နာ ကြိုးစားဖို့လိုအပ်ကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု လက်ရွေးစင် လူငယ်များက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ် ထူးချွန်အောင် ကြိုးစားအားထုတ် ကြရန် အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)