နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရသစ်ပင်များစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး စိုက်ပျိုးမည့်နေရာများအား ကွင်းဆင်းကြည့်ရှု

နေပြည်တော် မေ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းအနီးမှ အေလာလေဆိပ်အဝင်လမ်းအထိ မြို့ရှောင်လမ်း လမ်းဘေးဝဲ/ယာတစ်လျှောက် အပင်များစိုက်ပျိုးရာတွင် လမ်းနှင့်ကပ်လျက်အတန်းကို ကုက္ကိုလ်ပင်စိုက်ပျိုးပြီး ဒုတိယတန်းကို စိန်ပန်းကြီးစိုက်ပျိုးရန်နှင့် တတိယတန်းကို ကုက္ကိုလ်ပင်စိုက်ပျိုးနိုင်ရေးတက်ရောက်လာသော တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်စေလိုကြောင်း၊ မိုးရာသီအမီ သစ်ပင်များစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများအနေဖြင့် စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သစ်ပင်စိုက်ရုံဖြင့် မပြီးဘဲ အောင်မြင်ဖြစ်ထွန်းအောင်လည်း စနစ်တကျပြုစုပျိုးထောင်ကြရန်လိုအပ်ကြောင်း၊ ပင်ကြားနှင့်တန်းကြားများ စနစ်တကျ သေသေသပ်သပ်နှင့် အမြင်တင့်တယ်စွာ စိုက်ပျိုးနိုင်ရန်လိုအပ်ကြောင်း၊ မြေဆွေးနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီမှ မြေဆွေးများကိုပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ရေရှည်အတွက် စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်တို့က လမ်းဘေးဝဲ/ယာတစ်လျှောက် အရိပ်ရသစ်ပင်များစိုက်ပျိုးနိုင်ရေး ဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများက လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရသစ်ပင်များ စိုက်ပျိုးပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းအနီးမှ အေလာလေဆိပ်အဝင်လမ်းအထိ မြို့ရှောင်လမ်းလမ်းဘေးဝဲ/ယာတစ်လျှောက်တွင် သစ်တောဦးစီးဌာန၊ လမ်းဦးစီးဌာနများက အရိပ်ရအပင်များစိုက်ပျိုးထားရှိမှုနှင့် မိုးရာသီတွင် စိုက်ပျိုးရန်အသင့်ပြင်ဆင်ထားသည့်နေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက စိုက်ပျိုးပြီးစီးမှုနှင့် လစ်လပ်နေရာများတွင် ဆက်လက်စိုက်ပျိုးဆောင်ရွက်မည့်အခြေအနေများ၊ မိုးရာသီတွင် အပင်များအမြန်ဆုံးရှင်သန်အောင် စနစ်တကျစိုက်ပျိုးနိုင်ရေးအတွက် စီမံချက်ရေးဆွဲထားခြင်း၊ သစ်တောဦးစီးဌာနကလိုအပ်သည့် ပျိုးပင်များပံ့ပို့းပေးမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးထားရှိသည့် အပင်များနှင့် ဆက်လက်စိုက်ပျိုးမည့်အပင်များ ရှင်သန်ပြီး အောင်မြင်ဖြစ်ထွန်းစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကိုမှာကြားခဲ့ပြီး မြို့ရှောင်လမ်းနှင့် လေဆိပ်လမ်းဆုံမှ လေဆိပ်အထိ နေပြည်တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူ၍ လမ်းဘေး ဝဲ/ယာတစ်လျှောက် နှစ်ရှည်ပင်များ ရာသီပန်းပင်ငယ်များစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လစ်လပ်သည့် နေရာများတွင် ယခုမိုးရာသီ၌ အပြီးစိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)