တောင်ကြီး မေ ၂၂
အားကောင်းသော "မိုခါ" မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ဒေသများတွင် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မေ(၂၂)ရက်နံနက်(၇)နာရီက ရခိုင်ပြည်နယ် လေဘေးကယ်ဆယ်ရေးအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၄) ရဲလေ့ကျင့်ရေး သင်တန်းကျောင်း၊ တောင်လေးလုံးကမ္ဘောဇခန်းမတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးနှင့် ရဲတပ်ဖွဲ့ဝင် များ တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အင်အားများလိုအပ်သောကြောင့် ရဲတပ်ဖွဲ့အနေဖြင့် ရှမ်းပြည်နယ် ကိုယ်စားပြု သွားရောက်မည်ဖြစ်သည့်အတွက် လုပ်ငန်းတာဝန်ပြီးဆုံးသည်အထိ ထိခိုက်မှုမရှိဘဲ အန္တရာယ်မရှိအောင် ဂရုစိုက်ဆောင်ရွက်ကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန်ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်လေဘေးကယ်ဆယ်ရေးသို့ သွားရောက်ကူညီမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၄) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ရဲတပ်ဖွဲ့(၄၀၁)ဦးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း(၂၀၀) ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကလည်းကောင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း(၃၀) အား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုက ပေးအပ်ရာ အမှတ်(၄)ရဲလေ့ကျင့်ရေးသင်တန်း ကျောင်း ဒုတိယကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီးသန်းဌေးဦးက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၄)ရဲလေ့ကျင့်ရေးသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ ကျောင်းအုပ်ကြီး ရဲမှူးကြီးဗညားဦးက လက်ခံရ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရခိုင်ပြည်နယ် လေဘေးကယ်ဆယ်ရေးသို့ သွားရောက်ကူညီမည့် ရဲတပ်ဖွဲ့များ ယာဥ်ပေါ်တက်ရောက်ထွက်ခွာနေမှုအား လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)