ဗဟန်း မေ ၂၂
နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကြွယ်ဝစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အခြေခံကိုရီးယားဘာသာစကား( ဗျည်း/သရ) သင်တန်း( အခမဲ့ ) ကို ယနေ့မွန်းလွဲ ၂ နာရီက ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်မှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ Global Korea Language Centre မှ ဆရာမဒေါ်လမင်းအိမ်က သင်တန်းသူ/သားများနှင့် မိတ်ဆက်စကားပြောပြီး သင်တန်းတွင် ဗျည်း(၁၉)လုံးတွင်ပါရှိသော မူလဗျည်း(၁၄)လုံးနှင့် ပေါင်းစပ်ဗျည်း(၅)လုံး၊ သရ(၂၁)လုံးတွင်ပါရှိသော မူလသရ(၁၀)လုံးနှင့် ပေါင်းစပ်သရ(၁၁)လုံးတို့အား သင်ကြားပို့ချပေးသွားမည် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၂၅ )ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မေလ ၂၂ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ စုစုပေါင်း(၁၀)ရက်တာကာလ၌ မွန်းလွဲ ၂ နာရီ မှ ညနေ ၄ နာရီအထိသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး