သပိတ်ကျင်း မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး စိုက်ပျိုးချိန်အမီ ချေးငွေများ ထုတ်ချေးပေးနိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး/အတွင်းရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုင်းဇေဇေဦးက တောင်သူများအနေဖြင့် သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီ ပြေကျေစွာ ပေးဆပ်ပြီးနောက် ချေးငွေရယူခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဘဏ်နှင့် တောင်သူများအကြား အတူလက်တွဲဆောင်ရွက်ကြရန် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ(တာဝန်ခံ) ကြီးကြပ်ရေးမှူး ဦးစောလှိုင်ဦးက ၂၀၂၃-ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေများ မေလမှ စက်တင်ဘာလကုန်အထိ စိုက်ပျိုးချိန်အမီ ထုတ်ပေးနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။.
သပိတ်ကျင်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲအနေဖြင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၁)အုပ်စုမှ အချိန်စေ့လွန် ကြွေးဟောင်းကြွေးကျန်မရှိ ချေးငွေ ပြေကျေသည့် တောင်သူများ၏ စပါးစိုက် ဧကပေါင်း (၄၀၀)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ စိုက်ဧက (၁၄၀၀) အတွက် တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ( ၂၀၀၀)အား တောင်သူများ စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)