တပ်ကုန်း မေ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၃/၂၀၂၃)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု့ကော်မတီဒုဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်က သင်တန်းဆင်းအမှာစကား ပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများတို့က ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၃/၂၀၂၃)သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး၊ သင်တန်းတွင် ထူးချွန်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် သင်တန်းရက်ပြည့်တက်ရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား ဦးသက်ထွန်း(ပညာရေး-ငြိမ်း)+ဒေါ်ကြူကြူ(ပညာရေး-ငြိမ်း ) မိသားစုက ဗလာစာအုပ်များ ထောက်ပံ့ချီးမြှင့်ပေးအပ်ခဲ့သည်၊
အဆိုပါ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး ပါဝင်တက်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း(ခွဲ) ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းကြက်ခြေနီအသင်းမှ တိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဒေါ်မေကလျာဝင်း၊ ဥတ္တရခရိုင်ကြက်ခြေနီအသင်းမှ ခရိုင်တပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုး၊ ခရိုင်ဒုတပ်ဖွဲ့မှူး ဦးညီညီအောင်၊ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့မှူး ဒေါ်အေးအေးဆွေ၊ တပ်ခွဲမှူး ဒေါ်မြင့်မြင့်ကြည်တို့က ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ကြက်ခြေနီအခြေခံမူ (၇)ချက်၊ ရှေးဦးပြုစုနည်း၊ လူနာသယ်ဆောင်နည်း၊ ပတ်တီးစည်းနည်း၊ ရုတ်တရက် အသက်ဆို့နစ်ခြင်းပြုစုနည်း စသည့်ပညာရပ်များအား မေလ ၁၉ ရက်မှ ၂၁ ရက်နေ့ထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်