နမ့်ဆန် မေ ၂၂
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပူနွေးလာသော ကမ္ဘာနှင့်ပြောင်းလဲလာ သောရာသီဥတု အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်နန်းထားထားလှိုင်မှ “မြန်မာနိုင်ငံတွင် ပူရာမှအေးလာခြင်း၊ ပူရာမှပိုပူလာခြင်း နှစ်မျိုးတွေ့ရှိရကာ မြန်မာနိုင်ငံမြောက်ပိုင်း စွန်းဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ပူရာမှ အေးလာကာ၊ ကျန်ဒေသတွင် ယခင်ကအပူချိန်နည်း ရာမှ နောက်ပိုင်းတွင် အပူချိန်သိသာစွာမြင့်တက်လာခြင်း၊ ဆယ်ရာစုနှစ် အလိုက်ကြည့်ပါက ၁၉၇၇နှစ် အရှေ့ပိုင်းဒေသများတွင် စွတ်စို၍အေးနေခဲ့ပြီး နောက်ပိုင်း ကာလများတွင် ပူပြင်း၍ခြောက်သွေ့ခဲ့သည်။ ကမ္ဘာရာသီဥတုပြောင်းလဲမှုသည် အမြန်ဖြစ်ပေါ်၍ မြန်မာနိုင်ငံတွင်လဲ ရိုက်ခတ်မှုအနည်းအများရှိနေသည်” ဟု စသည့်အကြောင်းအရာများကို အကျယ်တစ်ဝင့်ဆွေးနွေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းက “မြန်မာနိုင်ငံတွင် အပူပိုင်းမုန်တိုင်း၊ မုန်တိုင်းဒီရေ၊ မြစ်ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မြေငလျှင်လှုပ်ခြင်းများ မကြာခဏကြုံတွေ့ရတတ်သည်။ အပူပိုင်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်မှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက် တတ်သည်။ ကမ်းရိုးတန်းဒေသများတွင်ပိုမို သက်ရောက်မှုရှိကြောင်း တွေ့ရသည်။ ပျက်စီးဆုံးရှုံးမှုသည် မုန်တိုင်းအင်အားနှင့် ကြိုတင်ပြင်ဆင်မှု လူဦးရေဖြစ် ထွန်းမှုတို့အပေါ် မူတည်နေသည်။ ဖြစ်ပွားခဲ့သော မုန်တိုင်းတို့တွင် နာဂစ်မုန်တိုင်းသည် ပျက်စီးမှုအင်အားပေါ် မူတည်ကာ ကြောက်မက်ဖွယ်ဖြစ်သည်။ နာဂစ်မုန်တိုင်းတွင် လူအသေအပျောက်များပြားခဲ့သည့် တရားခံသည် မုန်တိုင်းဒီရေပင်ဖြစ်သည်” ဟု စသည့်အကြောင်းအရာများကို ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ့်ဆန်ဒေသအဆင့်ရုံးအနေဖြင့် အများပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show အပါအဝင် အသိပညာ ဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ် များကိုလည်း ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိပါကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)