ကျောက်မဲ မေ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီ ခွဲ အချိန်က “အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းကြယ်သီးထိုးနည်းနှင့် ချည်ခင်အရုပ်ထိုးနည်းသင်တန်း” သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးစိုးမြင့်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး၊ ကျောက်မဲမြို့ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဖြူဖြူအောင်က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ကိုလည်းကောင်း၊ ကျောက်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆမ်သိန်းက သင်တန်းဆရာမအား ဂုဏ်ပြုလက်မှတ်ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေ တိုးပွားစေရေး၊ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရေး၊ မိမိကျေးရွာရှိ ပြည်သူများအား လက်ဆင့်ကမ်း သင်ကြားပေးစေရန်၊ မိမိကိုယ်တိုင်လည်း ပညာရပ်တစ်ခုအနေဖြင့် ဝင်ငွေကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်စေရေး တို့အတွက် ရည်ရွယ်၍ သင်တန်းကို ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ ဒေသခံပြည်သူ ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)