လားရှိုးမြို့တွင် ဈေးကွက်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

လားရှိုး မေ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဈေးကွက်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ဈေးကွက်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းလှိုင် ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းပါဝင်သော အဖွဲ့ဝင်များက လားရှိုးမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင် များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က လားရှိုးမြို့ပေါ်မှာရှိတဲ့ ဆေးဝါးပစ္စည်းဆိုင်တွေမှာ ဈေးကွက်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးတာပေါ့။ ဆေးဝါးတွေက အတုထွက်နေတာ တွေရှိတယ်။ ဒါတွေရောင်းနေလား၊ မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေ ရောင်းချနေတာတွေရှိလားဆိုတာ ကွင်းဆင်းစစ်ဆေး တာပေါ့။ ကျွန်တော်တို့မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ပါဝင်တဲ့အဖွဲ့တွေနဲ့ ကွင်းဆင်းစစ်ဆေးခဲ့တာပါ။” ဟု လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းလှိုင်က ပြောသည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့သည် မေလ ၂၂ ရက်နေ့တွင် လားရှိုးမြို့ပေါ်ရှိ ဆေးဝါးရောင်းချသည့်ဆိုင် (၇)ဆိုင်အား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြရာ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချသည်ကို မတွေ့ရှိရကြောင်း သိရသည်။ တရားမဝင်ဆေးဝါးများ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက ဥပဒေအရအရေးယူခြင်းခံရနိုင် သည့်အပြင် ဆေးဆိုင်များ ပိတ်သိမ်းခံရနိုင်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်