တာချီလိတ် မေ ၂၂
ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေး Talk Show အား ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က ယခုကဲ့သို့ On line အသိပညာပေး Talk Show အစီအစဉ် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မိုးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ဆောင်ရွက်ခဲ့မှုများ၊ မြန်မာနိုင်ငံပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာများ စိမ့်ဝင်ပျံ့နှံ့ လာစေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ပုဒ်ဖြစ်သည့် “ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” နှင့်အညီ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ အရပ်ဘက်အဖွဲ့အစည်းများ အားလုံးပူးပေါင်းဆောင်ရွက်နိုင်ရန် စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်မည့် အကြောင်းများအား အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့သည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)