ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း၊ အခမဲ့ဓာတ်မှန်ရိုက်ခြင်းနှင့်ဆေးကုသခြင်း ဆောင်ရွက်ပေး

ဒဂုံဆိပ်ကမ်း  မေ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အောင်ဆန်းအမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း၊ အခမဲ့ဓာတ်မှန်ရိုက်ခြင်းနှင့် ဆေးကုသခြင်းအား ယနေ့နံနက် ၉ နာရီမှစ၍ ညောင်ပင်ကျေးရွာ စာကြည့်တိုက်တွင် အခမဲ့ဆေးကုသပေးလျက်ရှိသည်။

ထိုသို့ ကုသပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ အောင်ဆန်းအမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာစောနွဲ့နွဲ့မြင့် ဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေးမူယာကျော်နှင့်ကျန်းမာရေးဝန်ထမ်းများက အထွေထွေရောဂါများ ရှာဖွေကုသပေးခြင်း၊ ရပ်ကွက်များအတွင်း တီဘီရောဂါခံစားနေရသည့် ပြည်သူများအားရှာဖွေ၍ သွေးပေါင်ချိန်ပေးခြင်း၊ တီဘီရောဂါ ရှိ/ မရှိ စစ်ဆေးကုသပေးခြင်းတို့ကို ခေတ်မီဓာတ်မှန်စက်ကြီးများဖြင့်ရှာဖွေ၍ အထူးကုဆရာဝန်ကြီးများက ကုသပေးခြင်း၊ အခြားသော အထွေထွေ ရောဂါများ စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဆေးကုသပေးရာသို့ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များကဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဆေးကုသပေးခြင်းကို ကျန်ရှိသောရပ်ကွက်များအလိုက် ​မေလ ၂၆ ရက်နေ့အထိ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အေးမဥ္ဇူ