လောက်ကိုင်မြို့၌ ဌာနဆိုင်ရာ ပူး‌ပေါင်းအဖွဲ့များမှ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်

လောက်ကိုင် မေ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အခြေခံပညာကျောင်များ၌ မေလ (၂၃)ရက်နေ့မှ မေလ (၃၁)ရက်နေ့ထိ ပြုလုပ်မည့် ကျောင်း အပ်နှံရေးသီတင်းပတ်နှင့် ဇွန်လအတွင်း အခြေခံပညာကျောင်းများ  ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းဥပဓိရုပ် ကောင်းမွန်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံ ပညာ အထက်တန်းကျောင်းတွင် ယမန်‌နေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ ဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် မြို့ပေါ်ရှိဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား (၁၀၀)ကျော်ခန့်သည် ကျောင်းတွင်းနှင့် ကျောင်းပြင်ပရှိ အမှိုက်များသန့်ရှင်းခြင်း မြက်များရိတ်ခြင်း၊ ရေမြောင်းအမှိုက်များ ရှင်းလင်း ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

သို့ဆောင်ရွက်‌နေမှုများကို ဒေသကွပ်ကဲ မှုစစ်ဌာနချုပ်(လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၊  အတွင်းရေးမှူး ဦးမိုးဇော်လတ်၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊  ယာယီဒုတိယ ရဲမှူးကြီး ညွန့်လွင်ဦး စသည်တို့က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေကြသည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်‌ဆေးလမ်းညွှန်ခဲ့ကြကြောင်း သိရ သည်။

ညိုညိုဝင်း ( လောက်ကိုင်)