ကျောက်မဲ မေ ၂၂
၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က ဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေရီမောင်းမြူးမံက သဘာဝဘေးအန္တရာယ်ဖြစ်ပွားရခြင်း အကြောင်းအရာများ၊ ပလပ်စတစ်၏ ဆိုးကျိုးများ၊ သစ်တောပြုန်းတီးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအကြောင်း၊ နှစ်ပေါင်းများစွာ မပျက်စီးနိုင်သည့် ပလပ်စတစ်နှင့် စွန့်ပစ်အမှိုက်များအကြောင်း၊ ရေထု၊ လေထုညစ်ညမ်းမှုဖြစ်စေနိုင်သည့် အခြေခံအကြောင်းအရင်းများ စသည့်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် သက်ဆိုင်သည့် လေ့လာမှတ်သားဖွယ်ရာ ဗဟုသုတရရှိစေမည့် စာအုပ်/စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)