ကျောက်ဆည် မေ ၂၂
စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးအောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေများထူထောင်၍ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထောက်ပံ့ပေးလျက်ရှိရာ မေ(၂၂)ရက် နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်မည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေ လည်ပတ်သုံးစွဲခြင်း ဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများအကြောင်း ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ကျောက်ဆည်မြို့နယ်အနေဖြင့် မြို့နယ်အဆင့်၊ ရပ်ကွက်/ကျေးရွာအဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါး၊ သမဝါယမ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းများ၊ စီမံကိန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ခြင်း ကဏ္ဍများအား ရှင်းလင်းဆွေးနွေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများမှ ဌာနအလိုက်ချေးငွေများဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေများဖြင့် လုပ်ငန်းများဆောင်ရွက်ခြင်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ သမဝါယမလုပ်ငန်းများနှင့် ဆက်စပ်နေသည့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု၊ အသေးစား/အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ကိုင်သူများ လိုအပ်သောငွေကြေး အရင်းအနှီးများ ရရှိစေပြီးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ မိသားစုဝင်ငွေတိုးပွားလာစေပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိလာခြင်း၊ ဒေသထွက်ကုန်များအပေါ် အခြေခံသည့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ဘဏ္ဍာငွေအရင်းအမြစ် စဉ်ဆက်မပြတ်ရရှိစေခြင်း၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် လည်ပတ်ရန်ပုံငွေပမာဏကို ထပ်မံတိုးပွားစေပြီး လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ခြင်း၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေခြင်းနှင့် ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)