စမ်းချောင်း မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် Abate ဆေးခပ်ခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများအား ယနေ့နံနက်(၇)နာရီအချိန်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့တွင် လင်းလွန်းမြောက်၊ ကျွန်းတောတောင်၊ မုန့်လက်ဆောင်းကုန်းမြောက်၊ မြေနီကုန်းတောင်နှင့် ရှင်စောပုရပ်ကွက်များ၌ တစ်အိမ်တက်ဆင်းစနစ်ဖြင့်လှည့်လည်၍ Abate ဆေးများခတ်ပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းများအား စမ်းချောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
မိုးရာသီကာလတွင် ရေတွင်း၊ ရေကန်၊ ရေပုံးတွေထဲ၌ ခြင်များပေါက်ဖွားပြီး အဓိကအားဖြင့် ရေကြည်ရေသန့်တွင်ပေါက်ဖွားသည့် အေဒီးစ်ခြင်အကိုက်ခံရမှုကြောင့် သွေးလွန်တုတ်ကွေးရောဂါကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။ မကြာခင်အချိန်၌ ကျောင်းများစတင်ဖွင့်လှစ်တော့မည်ဖြစ်၍ စာသင်ခန်းများတွင် ခြင်များမခိုအောင်းနိုင်စေရန် ခြင်ဆေးကိုလည်းဖျန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာဒေါ်မိမိခိုင်က ပြောကြားသည်။
အေးလင်း