တာလေမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်အရ အသက် ၈၀ နှစ်မှ ၈၅ နှစ်အတွင်းရှိ သက်ကြီးဘိုးဘွား (၆၆) ဦးအား ထောက်ပံ့ငွေများပေးအပ်

တာလေ        အောက်တိုဘာ      ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့အတွင်း ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရအသက် ၈၀ နှစ်မှ ၈၅ နှစ် အတွင်းရှိ သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို ယမန်နေ့က တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် (၃၀၀၀ဝိ/-) နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ သက်ဆိုင်ရာ ရပ်/ကျေး၊ အုပ်ချုပ်ရေးမှူးများက တာလေမြို့အတွင်း ရပ်ကွက် လေးရပ်ကွက်နှင့် ကျေးရွာအုပ်စု သုံးအုပ်စုရှိ အသက် ၈၀ နှစ် မှ ၈၅ နှစ်အတွင်းရှိ သက်ကြီးဘိုးဘွား (၆၆) ဦး အတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် ငွေကျပ် (၃၀၀၀ဝိ/-) နှုန်းဖြင့် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အောင်ကျော်မိုး  (ပြန်/ဆက်)