မော်လမြိုင် မေ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ချနိုင်ရေးနှင့် လောင်စာဆီသုံးစွမ်းအင်များ ချွေတာနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံး အီးဗီ(EV) မော်တော်ယာဉ်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်ရည်ရွယ်၍ “မြန်မာ့အီးဗီခရီးအစနှင့် ရွှေရောင်မွန်ပြည်နယ်အနာဂတ်”ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ Royal Mawlamyine Hotel ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောင်းချမည့် လျှပ်စစ်စွမ်းအင်သုံး အီးဗီ(EV) မော်တော်ယာဉ်များ ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ EV Myanmar Groupမှ ဦးကျော်ကျော်ထွန်းက လျှပ်စစ်စွမ်းအင်သုံး အီးဗီ(EV) မော်တော်ယာဉ်များအားသာချက်၊ အားနည်းချက်များ၊ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောင်းချမည့် လျှပ်စစ်မော်တော်ယာဉ် အမျိုးအစားများနှင့် နိုင်ငံတကာတွင် အများဆုံးအသုံးပြုနေသည့် လျှပ်စစ်မော်တော်ယာဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်း၍ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)