မြစ်ကြီးနား မေ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၌ ကျောင်းသား ကလေးငယ်များအတွက် နွေရာသီပညာ ပါရမီ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ဘုန်းတော်ကြီးကျောင်း ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ပဓာနနာယက မဟာဂန္ထဝါစကပဏ္ဍိတ ကျောင်းအုပ်ဆရာတော် ဘန္ဒဝါသဝ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြကာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ဆရာတော်/သံဃာတော်များအား လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်းကာ မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက် ပဓာနနာယက၊ ပြည်နယ်သံဃနာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာထံမှ သြဝါဒတရားတော်များ နာယူကြသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက သားသမီးများအနေဖြင့် ယဥ်ကျေးလိမ္မာမှုသည် ကိုယ်ကျင့်တရားဖြစ်ပြီး နေ့စဥ်လူနှင့် လူအချင်းချင်းဆက်ဆံရာတွင် ကိုယ်ကျင့်တရားသည် အလွန်အရေးကြီးပါကြောင်း၊ ယဥ်ကျေးလိမ္မာပြီး ကိုယ်ကျင့်တရားကောင်းမွန် သည့် လူတော်လူကောင်းများ ဖြစ်လာရန် ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ကွန်ပျူတာ သင်တန်းဆင်း ကျောင်းသား/ ကျောင်းသူများအား ဆုတံဆိပ်နှင့် အောင်လက်မှတ်များကို ပေးအပ် ချီးမြှင့်သည်။
ယင်းနောက် ဆရာတော်/ သံဃာတော်များက ယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာ သင်တန်း များမှ အတန်းလိုက် အထူးအောင်ပုဂ္ဂိုလ်များအား ဆုတံဆိပ်နှင့် အောင်လက်မှတ်များကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ကျောင်းသား မိဘတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)