ညောင်ဦး မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင် မြင်ဖြစ်ထွန်းနေကာ ဆွတ်ခူးရောင်းချချိန် မနှစ်ကထက် ဈေးနှုန်း ပိုမိုရရှိနေကြောင်း နွေပဲတီစိမ်းစိုက်ပျိုးတောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ်သူကောင်းတည်မြစ်ရေတင်ဖြင့်စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက် ဧက ၄၆၈ ဧကရှိကြောင်း၊ ပဲတီစိမ်းစိုက်ခင်းတွေကောင်းမွန်ကာ ပြီးခဲ့သည့်နှစ်ကနွေပဲတီ စိမ်းပေါ်ချိန် တစ်တင်းလျှင် ငွေကျပ် ၄၅၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရပြီး မြစ်ရေတင်ဖြင့် စိုက်ပျိုးကြသည့် နွေပဲတီစိမ်းစိုက်တောင်သူများယခင်နှစ်ကဈေးနှုန်းမျိုးရရှိရန် မျှော်လင့်နေကောင်းပဲတီစိမ်းစိုက် တောင်သူများကပြောကြားသည်။
နွေပဲတီစိမ်း စတင်စိုက်ပျိုးခြင်းအား မတ်လလယ်လောက်တွင် စတင်ကြဲပက် စိုက်ပျိုးကြကာ စိုက်ပျိုးပြီး ၄၅ ရက်ရှိလျှင် ပဲတီစိမ်းအဖူး၊အပွင့်များစတင်ပွင့်ပြီး ရက် ၆၀၊ နှစ်လပြည့်လျှင် စတင်ဆွတ်ခူးရကြောင်း ထွက်ရှိလာသည့်နွေပဲတီစိမ်းများအား ပခုက္ကူပွဲရုံများ သို့သွား ရောက်ရောင်းကြကြောင်းသိရသည်။
ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်မှရေသွင်းခ တစ်ဧကလျှင် နွေပဲတီစိမ်း တစ်သီးပြီး သည်အထိ ၃၀၀၀ ကျပ်ပေးသွင်းရပြီး၊ ရေသွင်းအကြိမ်ရေငါးကြိမ်၊ခြောက် ကြိမ်အထိ ရေသွင်းပေးရကြောင်း ငါ့သရောက်မြစ်ရေတင် တာဝန်ခံ ကပြောကြား၍ သိရကာ နွေပဲတီစိမ်းထွက်ရှိ ရောင်းချနေရကာ ပဲတီစိမ်းတစ် တင်း ၅၃၀၀၀ ကျပ်ရောင်းချနေရခြင်းကြောင့် မြစ်ရေတင်ဖြင့် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဝင်ငွေတွက်ခြေကိုက်နေကြကြောင်းသိရပြီး ညောင်ဦးမြို့နယ်တွင် လျှပ်စစ်မြစ်ရေတင်၊ ဆိုလာလျှပ်စစ်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းများအား ကျောက်ကူးမြစ်ရေတင်၊ သူကောင်းတည်မြစ်ရေတင်၊ ငါ့သရောက်မြစ်ရေတင်၊ လက်ပံခြေပေါ်မြစ်ရေတင်တို့ဖြင့် နွေပဲ တီစိမ်းများအောင်မြင်ဖြစ်ထွန်းပြီး ဆွတ်ခူးရောင်းချချိန် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း