ပုဏ္ဏားကျွန်း မေ ၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးရှုံးဆုံးခဲ့သည့် စာသင်ကျောင်းများအား ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ ပုဏ္ဏားကျွန်းမြို့နယ်ဒေသကို အနီးကပ်ကြီးကြပ်နိုင်ရန် တာဝန်ပေးခံရသည့် ဗိုလ်မှူးချုပ် ဝင်းမောင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့၊ နံနက်(၈)နာရီက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဗိုလ်မှူးချုပ် ဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ၊ တပ်မတော်အရာရှိများနှင့် တာဝန်ရှိသူများက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အလွန့်အလွန် အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်း(အထက)၊ အ-ထ-က(ခွဲ)မြို့မ၊ အ-ထ-က(ကွန်းတောင်)၊ မူ/လွန် (မြို့သစ်)၊ မူ/လွန် (ရွာဟောင်း)စသည့် စာသင်ကျောင်းများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ကျောင်းဖွင့်ရက်အမီ ကျောင်းများ ဖွင့်လှစ်နိုင်ရန် အမြန်ဆုံး ပြုပြင်နိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး ဦးကျော်ဟန်နှင့် ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်အား တွေ့ဆုံ၍ ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြို့နယ်ပညာရေးမှူးရုံး (၁)ရုံး အပါအဝင် အခြေခံပညာကျောင်းပေါင်း (၁၉၉)ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)