မြစ်ကြီးနား မေ ၂၂
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင် ဖြစ်ထွန်းလာစေရေး နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေများဖြင့် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည့် အပြင် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ခြံစိုက်တောင်သူ များအား တွေ့ဆုံအားပေးဆောင် ရွက်လျက်ရှိရာ မေ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန် ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့တွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ် အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာ နယ်မြေ (၆)အတွင်း တစ်ပိုင်တစ်နိုင် စီးပွားဖြစ် သီးနှံစိုက်ခင်းများစိုက်ပျိုး ဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးအောင်ဆား၏ ခြံ၌ ဖူးစားပြောင်း တစ်ဧက စိုက်ပျိုးထားရှိမှု၊ တောင်သူဦးခင်ရွှေ၏ ခြံတစ်ဧကခွဲပေါ်တွင် ကောက်ညှင်းပြောင်း၊ ငရုတ်၊ မုန်လာထုပ်နှင့် ဂေါ်ရခါးသီးပင်များ စိုက်ပျိုးထားရှိမှု အခြေ အနေများနှင့် တောင်သူဦးနိုင်လင်း၏ လယ် ၅ ဧကပေါ်တွင် ကဇွန်းခင်း၊ ငရုတ်ခင်း၊ ခရမ်းသီးခင်းများ စိုက်ပျိုး ထားရှိမှုနှင့် နွားများအတွက် ခြံဝင်းအတွင်း နွားစာနေဗွီယာမြက်စိုက်ပျိုး၍ လှောင်မွေး (Cut and Carry) စနစ်မွေးမြူဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးကွက်ရရှိမှုနှင့် အကျိုးစီးပွားဖြစ်ထွန်းမှု၊ စိုက်ပျိုးရေလုံလောက်မှု အခြေအနေများကို မေးမြန်းဆွေးနွေး ခဲ့ကြကာ တောင်သူများထံ ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အဆိုပါ ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေကျပ် သိန်း ၆၀၀ ဖြင့် ဝက်မွေးမြူရေး လုပ်ငန်း ဆောင်ရွက်လျက်ရှိသော တောင်သူ ဦးအောင်ငွေနှင့် အစုအဖွဲ့ ပိုင်ခြံများအတွင်း အသားတိုးဝက်များ မွေးမြူထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝက်များကျန်းမာရေးနှင့် လျင်မြန်စွာကြီးထွားလာ စေပြီး မိသားစုများ အကျိုးဖြစ်ထွန်းစေရေး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် အနီးကပ် ကြပ်မတ် ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျေးရွာလုပ်ငန်းစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ထံ ထောက်ပံ့ငွေ များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းဝင်းအတွင်း ပြည်နယ်အစိုးရ အဖွဲ့၏ ရန်ပုံငွေကျပ် (၈၂၅)သိန်းဖြင့် မွေးမြူရေးနှင့် အသုံးချ သုတေသနသရုပ်ပြခြံဝင်းအတွင်း နွားခြံနှင့် ရေစင်များ တည်ဆောက် ပြီးစီးမှု၊ ဒေသနွား (၅)ကောင် မွေးမြူ၍ ဘရာမန်အသားစားနွားမျိုးဖြင့် မေထုံမဲ့သားစပ်ခြင်း လုပ်ငန်းသုတေသနပြုဆောင်ရွက်နေမှု အခြေအနေများနှင့် (၆၀ပေ × ၃၀ပေ × ၁၀ ပေ) ရှိ ဆိတ်ခြံတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ် ဝန်ကြီးချုပ်က သုတေသနသရုပ်ပြခြံမှ တစ်ဆင့် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးနိုင်ရေး၊ စနစ်တကျ မွေးမြူရေး စံပြခြံတစ်ခုဖြစ်လာစေရေး တာဝန်ရှိ သူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား) ကျောင်းဝင်းအတွင်း မွေးမြူရေးဒီပလိုမာသင်တန်းအတွက် ဆိတ်ခြံနှင့် နို့စားနွားခြံဖြင့် စနစ်တကျမွေးမြူဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် နို့စားနွားမွေးမြူရေးခြံအတွက် လိုအပ်သည့် နို့ညှစ်စက်ပံ့ပိုးကူညီပေး နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စက်မှုဇုံရပ်ကွက်၌ ပြည်နယ်အတွင်း ကျောင်းသုံးနှစ်ဖက်ချော စက္ကူထုတ်လုပ်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ဆောင်ရွက်ပေးလျက်ရှိသည့် “ဖြိုးဝေဝေ” စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမ အသင်းပိုင်စက္ကူစက်ရုံ၌ နှစ်ဖက်ချောစက္ကူထုတ်စက် တပ်ဆင်ဆောင်ရွက်နေမှု၊ တစ်သျှူး ငှက်ပျော ပျော့ဖတ်ဖြင့် စက္ကူထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)