နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ကျန်းမာရေးအထူးကောင်းမွန်စေရန် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ဆုတောင်းမေတ္တာပို့သပွဲကျင်းပ

ကျောက်ဆည် မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မင်းကုန်းမဟာပရိယတ္တိစာသင်တိုက် ဦးတင်ရွှေ ဗိမာန်တော်တွင် မေ(၂၂)ရက်နံနက်(၈)နာရီက သာသနာတော်အတွက် အလွန်ကျေးဇူးများသော နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ကျန်းမာရေးအထူးကောင်းမွန်စေရန် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ဆုတောင်းမေတ္တာပို့သပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ဆုတောင်းမေတ္တာပို့သရာတွင် မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ သံဃအဖွဲ့အစည်းအဆင့်ဆင့် ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယက သုဓမ္မာ၊ ရွှေကျင်ဆရာတော်ကြီးများ ပရိယတ္တိစာသင်တိုက် ဆရာတော်များနှင့် စာချသံဃာတော်(၁၀၈)ပါးတို့က နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ သမန္တာမှစ၍ နမောတဿ၊ ရတနသုတ်ပရိတ်တရားတော်၊ မေတ္တာသုတ် ပရိတ်တရားတော်၊ ဗောဇ္ဇင်္ဂသုတ် ပရိတ်တရားတော်၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်၊ ယံဒုန္နိမိတံ(၃)ဂါထာ၊ ဘဝတုသဗ္ဗမင်္ဂလံ(၃)ဂါထာ၊ သဗ္ဗီတိယော(၂)ဂါထာများ ရွတ်ဖတ်ပူဇော်ခဲ့ကာ ပရိတ်တရားတော် ရွတ်ဖတ်ပူဇော် ဆုတောင်းမေတ္တာပို့သပွဲအား ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆိုရုပ်သိမ်းခဲ့ပြီး ကြွရောက်တော်မူ လာကြသော သံဃာတော်များနှင့် အလှူရှင်များက ဆရာတော်ကြီးအတွက် အလှူငွေကျပ်(၂၀)သိန်းအား လှူဒါန်းခဲ့ ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)