မော်လမြိုင် မေ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)မှ တတိယအကြိမ်ဆက်ကပ်လှူဒါန်းပူဇော်သော ဘွဲ့တံဆိပ်တော်များဆက်ကပ်ခြင်းနှင့် ဩဝါဒခံယူခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော်(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို) နာယကမှ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ လျှောက်ထားခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆရာတော်ကြီးများကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဘွဲ့တံဆိပ်တော်များဆက်ကပ်ခြင်းဆိုင်ရာ ရတုပိုဒ်စုံဖြင့် သီကျူးပူဇော်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူတို့က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇနှင့် မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိကြသည့် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခဲ့ကြကာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ သင်တန်းသားကိုင်စာအုပ်များအားလည်းကောင်း၊ အလှူရှင်များမှ၊ ဘာသာသာသနာနှင့် ပညာရေးလုပ်ငန်းအတွက်အလှူငွေများအားလည်းကောင်း၊ ပေးအပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ဆရာတော်ကြီးများကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇနှင့် မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရရှိကြသည့် ဆရာတော်(၁)ပါး၊ လူပုဂ္ဂိုလ်(၆)ဦးတို့ကို ဘွဲ့တံဆိပ်တော်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)