ညောင်ဦး မေ ၂၂
မန္တလေးတိုင်းကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ကုသပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်ကာ ညောင်ဦးမြို့ အမှတ်(၇)၊ ဝက်ကြီးအင်းရပ်ရှိ နဂါးကျစ်ဘိုးဘွားရိပ်သာတွင် အထိုင်ချကာ ပြည်သူများ ကျန်းမာရေးအတွက် ကုသမှုဆောင်ရွက်ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်း မန္တလေးတိုင်း ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမျိုးသန့်ခိုင် ဦးဆောင်သော အထူးကွင်းဆင်းကုသရေးအဖွဲ့သည် ညောင်ဦးခရိုင် ကုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်းနှင့် အရိုးအကြော၊ သားဖွားမီးယပ်အထူးကု၊ ကလေးအထူးကု၊ သွားနှင့်ခံတွင်းအထူးကု၊ အထွေထွေ ရောဂါအထူးကုသမားတော်ကြီးများနှင့် ခရိုင်ပြည်သူ့ကျန်းမာမှ ဒေါက်တာရွှေစင်ထိုက်တို့ ပါဝင်သောအဖွဲ့များဖြင့် ပြည်သူများအား အထူးကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အထိုင်ချ အထူးကွင်းဆင်းကုသရာနေရာသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအဖွဲ့ဝင်များမှ သွားရောက် အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။ အထူးကွင်းဆင်းကုသပေးသည့် နေရာသို့ ညောင်ဦးမြို့နယ် ပြည်သူများမှ ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသူ (၂၀)ဦး၊ ကျန်းမာရေးအတွက် လာရောက်ပြသသူလူနာ အမျိုးသား(၃၅)ဦး၊ အမျိုးသမီး (၇၁)ဦးတို့အား ဆေးဝါးကုသမှုပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း