ဗိုလ်ချုပ်စိုးနိုင်ဦးနှင့်တာဝန်ရှိသူများ သံတွဲမြို့ရှိ သာသနိကအဆောက်အအုံများ၊ မြို့ဖွံ့ဖြိုးမှုအခြေအနေနှင့် သောက်သုံးရေလှောင်တမံများကြံ့ခိုင်မှုအခြေအနေကြည့်ရှုစစ်ဆေး

သံတွဲ   မေ  ၂၂

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်စိုးနိုင်ဦး သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက်  ယနေ့နံနက် ၉ နာရီက သံတွဲမြို့ရှိ သာသနိက အဆောက်အအုံများ၊ မြို့ဖွံ့ဖြိုးမှုအခြေ အနေနှင့် သောက်သုံးရေလှောင်တမံကြံ့ခိုင်မှု အခြေအနေများကိုလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ သံတွဲမြို့နယ်၊ ငပလီမြို့ ဂျိတ္တောရပ်ကွက် မဒေးတောင်ရှိ အလိုတော်ပြည့် ဆရာတော်ကျောင်းသို့ သွားရောက်၍ ဆရာတော်အားဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများကိုလျှောက်ထားလျက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး သာသနိက အဆောက်အအုံများပျက်စီး ဆုံးရှုံးမှုရှိမရှိ ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်စိုးနိုင်ဦး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် တာဝန်ရှိသူများသည် ငပလီမြို့ ငပလီရေလှောင်တမံနှင့် သံတွဲမြို့မဟာဗောဓိ ရေလှောင်ကန်များသို့ ရောက်ရှိပြီး "မိုခါ"မုန်တိုင်းတိုတ်ခတ်မှုအပြီး ရေလှောင်တမံများအတွင်း ဆားငံရေဝင်ရောက်မှုရှိမရှိ၊ သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဝေမှုနှင့် ရေလုံလောက်မှုရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ သံတွဲခရိုင်ဆည်မြောင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဦး၊ သံတွဲမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာဦးသန်းမြင့်နှင့် တာဝန်ရှိသူများက ရေသိုလှောင် ဖြန့်ဝေပေးနေမှုနှင့် ရေလှောင်တမံနှင့် ရေလှောင်ကန်များ တည်ဆောက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် ဗိုလ်ချုပ်စိုးနိုင်ဦးက ရေကြောင့်ဝမ်းရောဂါဖြစ်ပွါးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန် အသေးစိပ်မှာကြားခဲ့သည်။ အဆိုပါငပလီရေလှောင်တမံမှ ငပလီမြို့ မြပြင်ရပ်ကွက်နှင့် လင်းသာ ရပ်ကွက်ရှိ လူနေအိမ် ၁၀၆၅ လုံးနှင့် ဟိုတယ် ၂၅လုံးတို့ကို ရေဖြန့်ဝေပေးနိုင်ပြီး သံတွဲမြို့မဟာဗောဓိ ရေလှောင်ကန်မှ မြို့ပေါ်ရှိ ရပ်ကွက် (၇)ခုသို့ ရေဖြန့်ဝေပေးလျက်ရှိပြီး သောက်သုံးရေလုံလောက်မှု ရှိကြောင်းသိရသည်။

ဆက်လက်၍ ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် သံတွဲမြို့ ရွှေဆံတော်စေတီတော်သို့ သွားရောက်ဖူးမြှော်ကြပြီး သာသနိကဆောက်အအုံများနှင့် လူနေအိမ်များပျက်စီးဆုံးရှုံးမှုရှိမရှိတို့ကို လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်