ပေါက်တော မေ ၂၂
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် အခြေခံပညာစာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ လူနေအိမ်များ၊ ဆည်မြောင်းတာတမံများ၊ လမ်းတံတားများနှင့် တိရစ္ဆာန်များ သေကြေပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မေလ ၂၀ ရက်နေ့ ညနေပိုင်းက ဗိုလ်မှူးချုပ် ဆန်နီအုံးသည် ပေါက်တောမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံကြသည်။
ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျန်အေးက သဘာဝဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် မိုခါမုန်တိုင်း တိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်ထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗိုလ်မှူးချုပ်ဆန်နီအုံးက ပေါက်တောမြို့နယ်သည် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများသည့် နေရာများကို ပြန်လည်ထူထောင်ရေး ဦးစားပေးအလိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာ၌ ပျက်စီးဆုံးရှုံးမှု စာရင်းဇယား မှန်ကန်မှု အရေးကြီးကြောင်း၊ စာရင်းဇယားများ ကောက်ယူ ဆောင်ရွက်ရာတွင် အချက်အလက်ပြည့်စုံစွာဖြင့် လျင်မြန်မှန်ကန်မှု ရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး တွက်ချက်မှု အခြေအနေအား လမ်းဦးစီးဌာနမှ တာဝန်ယူတွက်ချက်ပြီး တင်ပြပေးစေလိုကြောင်း၊ ပျက်စီးမှုအခြေအနေအား ပထမဦးစားပေးအနေဖြင့် အခြေခံပညာ စာသင်ကျောင်းများအားလည်းကောင်း၊ ဒုတိယ ဦးစား ပေးအနေဖြင့် ဆေးရုံများ၊ တတိယဦးစားပေးအနေဖြင့် သာသနိကအဆောက်အဦများ၊ စတုတ္ထဦးစားပေးအနေဖြင့် ဌာနဆိုင်ရာအဆောက်အဦများအား သေချာစွာ တွက်ချက်၍ တင်ပြရန်လိုကြောင်း၊ ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး တွက်ချက်မှု အခြေအနေအား လမ်းဦးစီးဌာနမှ တာဝန်ယူတွက်ချက်ပြီး တင်ပြပေးစေလိုကြောင်း၊ မြို့နယ်အတွက် Cyclone Shelter လိုအပ်ချက်ရှိလျှင် တင်ပြနိုင်ကြောင်း၊ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိလာသည့် လက်ဝယ်ရောက်ရှိရေး၊ ရေကောင်းရေသန့် ရရှိရေး အရေးကြီးပါကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဗိုလ်မှူးချုပ်ဆန်နီအုံးနှင့် တာဝန်ရှိသူများသည် ပေါက်တောမြို့ရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် အခြေခံပညာကျောင်းများနှင့် ဆေးရုံ အဆောက်အဦးများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)