ဝမ်းတွင်း မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူ နိုင်ရန်နှင့် ခြင်ကြောင့်ဖြစ်ပေါ်တတ်သော သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရန်ရည်ရွယ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးကို ယမန်နေ့နံနက်(၇)နာရီမှ စတင်၍ တပြိုင်တည်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ ကြောင်း သိရသည်။
သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရှိ စာသင်ကျောင်းများကိုလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတလူငယ်များ၊ ဆရာ/ ဆရာမများနှင့် ကျေးရွာပြည်သူများက ကျေးရွာအုပ်စုအတွင်းရှိ စာသင်ကျောင်းများကိုလည်းကောင်း ကျောင်းဝင်းအတွင်းရှိ ပေါင်းမြက်ချုံနွယ်များရှင်းလင်းခြင်း၊ သစ်ကိုင်းများခုတ်ထွင်ခြင်း၊ အမှိုက်များ မီးရှို့ခြင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်းယာဉ်ဖြင့်အမှိုက်များ သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာတွင် ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလွန်ကျောင်းနှင့် မူလတန်းကျောင်း စုစုပေါင်း(၁၇၉)ကျောင်းကို တပြိုင်တည်း စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)