ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းလေးကျောင်းတို့တွင် Quarantine ဝင်ရောက်နေသူ (၁၆၅)ဦး ထိရှိ

ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ ၇


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား အခြေခံ ပညာကျောင်းလေး ကျောင်းတို့တွင် အသွားအလာများ ကန့်သတ်ထားရှိကာ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ ညနေပိုင်းချိန်အထိ အခြေခံပညာကျောင်းစင်တာများတွင် အသွားအလာ ကန့်သတ်ထားရှိသူ ဦးရေ(၁၆၅)ဦးထိ ရှိနေကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား သွားလာမှု များကို ကန့်သတ်ထားရှိပြီး အ.ထ.က (ထန်းတပင်)စင်တာတွင် Quarantine ဝင်ရောက် နေသူ (၅၅)ဦး၊ အ.ထ.က(ခွဲ)ရိုးခွ စင်တာတွင် Quarantine ဝင်ရောက်နေသူ (၃၇)ဦး၊ အ.ထ.က(ခွဲ)အုတ်ဖို စင်တာတွင် Quarantine ဝင်ရောက်နေသူ (၃၈)ဦး၊ အ.လ.က(ခွဲ) ရွာသစ် အခြေခံပညာကျောင်း Quarantine စင်တာတွင် Quarantine ဝင်ရောက်နေသူ (၃၅)ဦး စုစုပေါင်း(၁၆၅)ဦးထိရှိကြောင်း သိရပြီး အနံမရသူ များကိုလည်း မြို့နယ်ပြည်သူ့ဆေးရုံနှင့် တက်သစ်တိုက်နယ်ဆေးရုံတို့တွင် ထားရှိကာ အသွားအလာ ကန့်သတ်မှုများကို ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်းရှိ Quarantine စင်တာများတွင် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက်လည်း အလှူရှင်များက အလှူငွေများကို အ.ထ.က (ထန်းတပင်) Quarantine စင်တာတွင် လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရပြီး အောက်တိုဘာလ (၆)ရက်နေ့၊ ညနေပိုင်းက အလှူငွေကျပ်စုစုပေါင်း (၁၄၁ဝဝဝဝ)ကျပ်ကို အလှူရှင်(၆)ဦးတို့မှ လှူဒါန်း ခဲ့ကြကြောင်း အ.ထ.က(ထန်းတပင်)စင်တာရှိ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းလွင် ထံက နေသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)