မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားကြည့်ရှု

မန္တလေး မေ ၂၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ မကြာမီဖွင့်လှစ်တော့မည်ဖြစ်ရာ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံ မြို့နယ်ရှိအမှတ် (၅)အခြေခံပညာအထက်တန်း ကျောင်း၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ သည်။

ထိုသို့ကြည့်ရှုစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကြည်စိန်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကကျောင်း ပရိဝုဏ်နှင့်စာသင်ခန်းများ အတွင်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ စည်ပင်၊ ပြည်သူနှင့် ဌာနဆိုင်ရာများပါဝင်သည့် အင်အား (၆၀၀)ဦးကျော်နှင့် စက်ယန္တရားအင်အားတို့ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ နိုင်ငံတော်မှကျောင်းသားကျောင်းသူများအတွက်အခမဲ့ပေးဝေသွားမည့် ကျောင်းပုံနှိပ်စာအုပ်များ၊ ကျောင်းစိမ်း အင်္ကျီများကြိုတင်ပြင်ဆင်ထားရှိမှုများကိုလည်း ကောင်းလိုက်ပါပြသရာတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောင်းသားကျောင်းသူများ စိတ်ချမ်းမြေ့စွာပညာ သင်ကြားနိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းတွင်းပြင်သန့်ရှင်းသပ်ရပ်ရေး၊ လိုအပ်သည့် သင်ထောက် ကူပစ္စည်းများဖြည့်ဆည်းပေးရေးတို့ကို အလေးအနက်ထားဆောင်ရွက်ပေးနေပါကြောင်း၊ ကျောင်း များမကြာမီဖွင့်လှစ်တော့မည်ဖြစ်ရာ ကြိုတင်ပြင်ဆင်ထားရန်ရှိသည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားကာ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်