ကော့မှူး မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းသည် နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ စာပေလေ့လာဖတ်ရှုလေ့လာနိုင်ရန်၊ စာပေနှင့်အဆက်မပြတ် ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက လာဝတီကျေးရွာနှင့် မကျီးကန်ကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးနေကြောင်း သိရသည်။
အဆိုပါရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ပေါ်တွင် ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများစွာရရှိနိုင်သော သုတ/ရသ၊ မဂ္ဂဇင်း၊ ဝတ္တု၊ ရုပ်ပြ စာအုပ် စုစုပေါင်း (၁၅၀၀)ကျော်ပါရှိပြီး ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ၊ ရပ်ကွက်များ အရောက် ရက်သတ္တပတ်နှစ်ပတ်လျှင်တစ်ကြိမ် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်ကျေးရွာများအရောက် အခမဲ့လိုက်လံ ငှားရမ်းပေးနေကြောင်း သိရသည်။
ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် လူငယ်များအသိပညာ ဗဟုသုတတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားရေးနှင့် လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ နံရံကပ်စာစောင် ပြသခြင်း လုပ်ငန်းများစသည့်လုပ်ငန်းများကို အစဉ်အမြဲကျင်းပပေးနေကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)