ခရမ်း မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားကာ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဆင်မင်းအိုင်ကျေးရွာ၌ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ က မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များ ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်၊ ကဆင်မင်းအိုင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့မှာ သက်တမ်းကာလသုံးနှစ် ပြည့်ပြီးဖြစ်သဖြင့် စည်းကမ်းချက်နှင့်အညီ ပြန်လည်ရွေးချယ်ခြင်းဖြစ်ကြောင်း၊ ရွေးချယ်ရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းကူညီ စောင့်ရှောက်ကြရန်လိုကြောင်း စသည်ဖြင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲဝင်များအား ကျေးရွာသူကျေးရွာသားများ၏ ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာမဲစနစ်ဖြင့် ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မော် ပါ ခုနစ်ဦးကိုရွေးချယ်ကာ ဆင်မင်းအိုင်ကျေးရွာ၊ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ကို စနစ်တကျပြန်လည်ဖွဲ့စည်း ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)