ဒလ မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပညာရေးစစ်ကြောင်းအနေဖြင့် ယမန်နေ့က အခြေခံပညာကျောင်းများရှိ ကျောင်းဆောင်သစ်များ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုရန် ကွင်းဆင်းရဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ် ပညာရေးမှူး ဒေါ်မြင့်မြင့်အေး ခေါင်းဆောင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တကောင်းပါဝါ ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သော သပြေကုန်းကျေးရွာရှိ အ.ထ.က(ခွဲ)သပြေကုန်း ကျောင်းတွင် ပေ ၁၃၀ × ပေ ၃၀ (RC)နှစ်ထပ် ကျောင်းဆောင်သစ်ကို ဘဏ္ဍာရေးနှစ်၏ သတ်မှတ် ၅၀ ရာခိုင်နှုန်းပြီးစီးမှုနှင့် ပေ ၉၀ × ပေ ၃၀ (RC) တစ်ထပ် သိပ္ပံဆောင်ကို ဘဏ္ဍာရေးနှစ်၏ သတ်မှတ် ၇၅ ရာခိုင်နှုန်းပြီးစီးမှုတို့ကို လည်းကောင်း၊ အောင်နန်းပြည့်ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သော တာကြီးရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းတွင် ပေ ၁၀၀ × ပေ ၃၀ (RC) နှစ်ထပ်ကျောင်းဆောင်သစ်ကို ဘဏ္ဍာရေးနှစ်၏ သတ်မှတ် ၅၀ ရာခိုင်နှုန်း ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုပညာရေးစစ်ကြောင်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဌာနတို့မှ တာဝန်ရှိသူတို့က ကျောင်းဆောင်သစ်များ တည်ဆောက်ပြီးစီးမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ ကောင်းမွန်သော အစီအစဉ်ဖြစ်စေရန် အကြံပြု လမ်းညွှန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒလ (ပြန်/ဆက်)