ချမ်းအေးသာစံ မေ ၂၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ဖွင့်လှစ် သင်ကြားသည့် နွေရာသီ ပန်းချီ၊ ပန်းပုသင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့သည် ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)တို့ ပူးပေါင်းဖွင့်လှစ်သင်ကြားခဲ့သော နွေရာသီ ပန်းချီ၊ ပန်းပုသင်တန်းဆင်းပွဲ အခမ်းအနားသို့ ရောက်ရှိပြီး အဖွင့်အမှာစကားပြောကြားရာ၌ ကျောင်းသားကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အားလပ်ရပ်အချိန်များကို အကျိုးရှိစွာအသုံးချကာ အနုပညာရပ်များကို လေ့လာ ဆည်းပူးခွင့်ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးပါကလည်း အခြားသောအသက်မွေးဝမ်းကြောင်း ပညာရပ်များနည်းတူ ဝါသနာပါရာ အနုပညာရပ်များကို ဆက်လက်ဆည်းပူးလေ့လာနိုင်မည့် အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်စိတ်ကူး စိတ်သန်းများဖြင့် တီထွင်ဆန်းသစ်ကာ ခေတ်မီနည်းပညာ ရပ်များနှင့်ပေါင်းစပ်ပြီး မြန်မာ့ယဉ်ကျေးမှုအနုပညာရပ်များကို ဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံတကာ နယ်ပယ်အထိ အနုပညာအရည်အသွေးမြင့်မားစွာဖြင့် ထိုးဖောက်ဝင်ရောက်နိုင်အောင် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက နွေရာသီ ပန်းချီ၊ ပန်းပု သင်တန်းတက်ရောက်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအတွက် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ မြို့နယ် ပညာရေးမှူးများက လက်ခံရယူခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ဂီတပညာဌာနနှင့် သဘင်ပညာဌာနတို့မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ တေးသီချင်းအကများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးအောင်၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ ဥပဒေချုပ် ဦးမြင့်အောင်တို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်း တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နွေရာသီပန်းချီ၊ ပန်းပုသင်တန်းအား မြန်မာ့ရိုးရာ ပန်းချီ၊ ပန်းပု အနုသုခုမပညာရပ်များကို တန်ဖိုးထားမြတ်နိုးတတ်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ ပန်းဆယ်မျိုး မြန်မာ့အနုသုခုမပညာရပ်များကို စိတ်ဝင်စားလာစေရန်၊ ပန်းချီ၊ ပန်းပုပညာရပ်များဖြင့် အခြေခံပညာကျောင်းများ၏ သင်ရိုးညွှန်းတမ်းတွင် ပါဝင်သော အနုပညာဘာသာရပ်သင်ကြားမှုကို အထောက်အကူဖြစ်စေရန်စသော ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)၊ ပန်းချီပညာဌာန၊ ပန်းပုပညာဌာနမှ ဆရာ၊ဆရာမများက မေလ ၁၀ ရက်နေ့မှ မေလ ၁၉ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီချိန်ထိ ဖွင့်လှစ်သင်ကြားခဲ့ကာ ပန်းချီသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၂၉၀) ဦး၊ ပန်းပုသင်တန်းတွင် (၃၂)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်