ကျောက်မဲ မေလ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့မွှန်းလွဲ ၃ နာရီအချိန်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က (Talk Show) ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျောက်မဲခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မေဇင်စိုးက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ပေါ်ပေါက်လာရခြင်းအကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းများ၊ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်နှင့် ရည်ရွယ်ချက်များ၊ အစရှိသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာပေး Talk Show ကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါဆွေးနွေးချက် အပြည့်အစုံကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင်လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)