ချောင်းဆုံ မေ ၂၁
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ သီးနှံစိုက်ပျိုးသည့် တောင်သူများအနေနှင့် မိမိတို့၏ ထွက်ကုန်များ နိုင်ငံတကာ ဈေးကွက်တွင် ဈေးကောင်းရရှိစေရန်အတွက် ခရိုင်စိုက်ပျိုးရေး ဦးစီး ဌာနမှ ဦးဆောင်ပြီး ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာဆောင်ရွက်မည့် လုပ်ငန်း စဉ်များ နည်းပညာပေးသင်တန်းကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ မော်လမြိုင်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းအောင်သန်းက တောင်သူများ အဆင့်မြင့်နည်းပညာများ အသုံးပြု၍ အထွက်နှုန်းမြင့်မားပြီး အရည်အသွေးကောင်းမွန်သော မျိုးကောင်း မျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာစေရန်၊ လယ်ထွက်ကုန်များ နိုင်ငံတကာ ဈေးကွက်ရရှိရေး၊ လက်မှုလယ်ယာ စနစ်မှ စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းလာစေရေး နှင့် အဆင့်မြင့် နည်းပညာကို လက်တွေ့အသုံးချပြီး အလားတူစံပြကျေးရွာများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းပြောကြားသည်။
အဆိုပါ သင်တန်းကို သင်တန်းသား/သူ (၅၀)တက်ရောက်ခဲ့ကြပြီး ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးနှင့်မျိုးစေ့တာဝန်ခံတို့မှဦးဆောင်၍ မြေဆီလွှာစစ်ဆေးခြင်း၊ မျိုးကောင်းမျိုးသန့် ပြောင်းလဲ စိုက်ပျိုးခြင်း ၊မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နှင့်အညီစိုက်ပျိုးခြင်းနှင့် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း စသည့် တို့ကို (၂)ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ ဆက်)