ကျောက်တော် မေ ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မိုခါမုန်တိုင်း လေပြင်းတိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်လျှက်ရှိရာ မြို့မဈေးကြီးနှင့် ချမ်းမြေ့နဒီပန်းခြံဝင်းအတွင်း၌ ပိမိနေသောသစ်ပင်သစ်ကိုင်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းပြီး ယမန်နေ့နံနက် ၈ နာရီက ဆက်လက်ခုတ်ထွင်ရှင်းဖယ်ရှားခဲ့သည်။
အဆိုပါ ကျောက်တော်မြို့နယ်၊ နမိတ်အတွင်းရှိ မြို့မဈေးကြီးနှင့် ချမ်းမြေ့နဒီပန်းခြံတွင်ရှိသော သစ်ပင်များပြိုလဲခြင်း၊ သစ်ကိုင်းများကျိုးကျခြင်း၊ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများ၊ အဆောက်အဦများ၊ ခြံဝင်း၊ ခြံစည်းရိုးနှင့် ရေနုတ်မြောင်းများတွင် အလွန်ပြင်းထန်သည့် မိုခါမုန်တိုင်းလေပြင်းတိုက်ခတ်မှုကြောင့် ကျိုးကျပျက်စီးနေသော သွပ်များ၊ အမှိုက်များ၊ သင်းဝင်ကိုင်း၊ ခမောင်း၊ ဗန်ဒါပင် စသည့်သစ်ပင်များမှ အကိုင်းအခက်အလက်များအား ချိန်းစက်၊ ပုဆိန်၊ ဓါး၊ ပုဆိန်များဖြင့် ခုတ်ထွင်ရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီး အမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
ကျောက်တော်(ပြန်/ဆက်)