ဗဟန်း မေ ၂၁
ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ဟိန်းဇေရေးသားသော “ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၉)နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် Book Club အသင်းမှ နယက စာရေးဆရာ ရန်ကင်းကိုကိုလေး က အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်း ခရိုင်မှူးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အသင်းမှ ဥက္ကဋ္ဌစာရေးဆရာ ဟိန်းဇေက ၎င်းရေးသားသည့် " ပုဂံမတိုင်မီမြန်မာအစနှင့် သမိုင်းထင်ရှားမင်းမြတ်ကိုးပါး" စာအုပ်တွင် ပါဝင်သော ပုဂံခေတ်က မင်း(၃)ပါးဖြစ်သည့် အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းစည်သူ၊ တောင်ငူ ဟံသာဝတီခေတ်က မင်း(၂)ပါးဖြစ်သည့် တပင်ရွှေထီး၊ ဘုရင့်နောင်၊ ကုန်းဘောင်ခေတ်က အလောင်းဘုရား၊ ဆင်ဖြူရှင်၊ ဘိုးတော်ဘုရားနှင့် မင်းတုန်းမင်း စုစုပေါင်း မင်းကောင်းမင်းမြတ်(၉)ပါးအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက ပုဂံမတိုင်မီ မြန်မာလူမျိုးရဲ့အစနှင့် ပျူခေတ်မှာ ထင်ရှားသည့် ပန်ထွာဘုရင်မနှင့် ဒွတ္တဘောင်မင်းတို့၏ ဗိဿနိုးအကြောင်းနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို စာပေဝါသနာရှင်များ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စန္ဒာမိုး