ကျောက်တံတားမြို့နယ်တွင် ကျောင်းဖွင့်ချိန်အကြို ကျောင်းတွင်းကျောင်းပြင်သန့်ရှင်းရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့်လုပ်ငန်းများ ဆောင်ရွက်

ကျောက်တံတား မေ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းများပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းပတ် ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား/ကျောင်းသူများ သွေးလွန်တုတ် ကွေးရောဂါ မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်သည့် လုပ်ငန်းများ ကို ယနေ့နံနက် ၇ နာရီအချိန်တွင် အ.ထ.က(ကျောက်တံတား)ကျောင်း၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်စိန်၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်စိန်၏ ဦးဆောင်မှုဖြင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသက်နောင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ  စည်ပင်ကျန်းမာရေးဌာနဝန်ထမ်းများ ဖြင့် ကျောင်းဝင်းနှင့် ကျောင်းစာသင်ခန်းများအတွင်း တံမျက်စည်းလှည်းခြင်း၊ အမှိုက်များအား ရှင်းလင်း ခြင်း၊ စာသင်ဆောင်များအတွင်း စာသင်ခုံများ ဆေးကြောသန့်စင်ခြင်း၊  သွေးလွန်တုပ် ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေကန်များအား abate ဆေးခတ်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျောင်းသန့်ရှင်းရေးကို ကျောင်းဖွင့်ချိန်မတိုင်မီ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် အပတ်စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်း ထံမှသိရသည်။

လှလှထွေး