နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် သွားရောက်မည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအားတွေ့ဆုံ

နေပြည်တော် မေ ၂၁

အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအားလိုအပ်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွားရောက်မည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံခြင်းကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်း၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်  သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် သွားရောက်မည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြန်လည်ထူးထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ကျရာကဏ္ဍအလိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် စံပြဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းနှင့် ကျန်းမာရေးကိုအထူးဂရုပြကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကူညီကယ်ဆယ်ရေးအဖွဲ့များအတွက် နေပြည်တော်ကောင်စီကထောက်ပံသည့် ဂုဏ်ပြုထောက်ပံ့ငွေ ကျပ် ၃၅ သိန်း၊ ဆန်၊ ဆီ၊ ငါးခြောက်၊ ငါးပိ၊ အသင့်စားဆန်၊ ကြက်ဥ၊ အသင့်စားခေါက်ဆွဲခြောက်တို့ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်ကပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၃၅ ဦး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)