မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်(MYANWEN)နှင့် ဧရာဝတီဘဏ်(AYA Bank) တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ရန်ကုန် မေ ၂၁

MYANWEN နှင့် AYA Bank တို့မှအမျိုးသမီးများဦးဆောင်သော MSME အသေးစား၊ အငယ်စား၊အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် နားလည်မှု စာချွန်လွှာ (MOU) ကို ယမန်နေ့နံနက်ပိုင်းတွင် ကုန်သည်စက်မှု အသင်းချုပ်ခန်းမ၌ လက်မှတ် ရေးထိုးခဲ့ကြသည်။

ယင်းနားလည်မှုစာချွန်လွှာတွင် ကောင်းမွန်သော ရည်ရွယ်ချက်များဖြစ်သည့် MSMEလုပ်ငန်းရှင် များ၏ ပြည်တွင်းထုတ်ကုန်များကို MYANWEN မှပြုလုပ်သော Made in Myanmar Fair များမှတဆင့်စျေးကွက် အတွင်းသို့  ဝင်ရောက်နိုင်စေရန်MSME လုပ်ငန်းများကို ပြည်တွင်းဈေး ကွက်တွင် သာမကပြည်ပဈေးကွက် အထိချဲ့ထွင် နိုင်ရန်အတွက် စျေးကွက်ရှာဖွေသော အရောင်းပြပွဲများ၊ ကုန်သွယ်မှုပြပွဲများတွင် ပါဝင်ပြသနိုင်ရန် MSMEလုပ်ငန်းရှင်များ အတွက်အသိပညာနှင့်ကျွမ်းကျင်မှုများတိုးတက်လာစေရန်ပြုလုပ်သောနှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ လှုပ်ရှားမှုများ၊ စီးပွားရေးနှင့် ပတ်သက်သော ပညာရေးဆိုင်ရာ ကဏ္ဍများတွင်အတူ လက်တွဲဆောင်ရွက်ရန် ၊အသေးစား၊အငယ်စား၊ အလတ်စားလုပ်ငန်း ရှင်များ၏ လုပ်ငန်းဘဏ္ဍာရေးလည်ပတ်ငွေများ (AYA Micro Loan)  လိုအပ်ပါက AYA Bank နှင့် MYANWEN အသင်း တို့မှ ပူးပေါင်း ဆောင်ရွက်ပေးသွားရန် တို့ပါဝင်သည်။

အဆိုပါ MOU ကို "မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် - Myanmar Women Entrepreneurs Network  (MYANWEN)" ၏ဒုတိယဥက္ကဋ္ဌ ဒေါက်တာစုလှဟန်နှင့်ဧရာဝတီ ဘဏ်အများနှင့်သက်ဆိုင် သောကုမ္ပဏီ လီမိတက်” (Ayeyarwady Bank) ၏ Managing Director ဒေါ်သဇင်အောင်တို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။

MOU လက်မှတ်ရေးထိုးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာမျိုးသက်၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း၊ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများဖြစ်သော ဦးမျိုးသန့်၊ ဦးအောင်ဇေယျာလွင်၊ ဦးဇော်မင်းသန့်နှင့်  တာဝန်ရှိသူများ ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ဒုတိယဥက္ကဋ္ဌ ဒေါက်တာစုလှဟန်၊ အတွင်းရေးမှူး ဒေါ်သူဇာဝင်းနှင့် ဧရာဝတီဘဏ်မှ Managing Director ဒေါ်သဇင်အောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)