ဇေယျာသီရိ မေ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ စစ်သမိုင်းပြတိုက်နှင့် ဆာဖာရီဥယျာဉ်သို့ မကွေးတိုင်းဒေသကြီးမှ ကင်းထောက်လူငယ်အဖွဲ့ ယမန်နေ့မွန်းလွဲပိုင်းတွင် လာရောက်လေ့လာခဲ့သည်။
လာရောက်လေ့လာရာတွင် မကွေးတိုင်းဒေသကြီးမှ ဒုတိယတိုင်းပညာရေးမှူး ဦးမြင့်လွင် ဦးဆောင်၍ ကြီးကြပ်ဆရာ/ ဆရာမများနှင့် အခြေခံပညာကျောင်းအခြေပြု ကင်းထောက်လူငယ်များက ဇေယျာသီရိ မြို့နယ်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်သို့ လာရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက မြန်မာ့တပ်မတော်ကြည်း၊ ရေနှင့်လေတို့၏ ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် စစ်လက်နက်ပစ္စည်းများအား ပြကွက်အလိုက် လိုက်လံ ရှင်းလင်းပြသခဲ့သည်။ ယင်းနောက် ညနေပိုင်းတွင် ဇေယျာသီရိမြို့နယ်ရှိ ဆာဖာရီဥယျာဉ် (နေပြည်တော်)သို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက တိရစ္ဆာန်ပြကွက်အလိုက် ပြသထားရှိမှုအား လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)